KIO နှင့် အစိုးရတပ် တွေ့ဆုံဆွေးနွေး
အစိုးရ တာဝန်ရှိသူများနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင် တချို့ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ယနေ့ တွေ့ဆုံဆွေးနွေးရာ နေ့လယ်ပိုင်းတွင် ဆွေးနွေးပွဲပြီးဆုံးကြောင်း KIO က ပြောသည်။
ယင်းဆွေးနွေးပွဲ၌ အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်၍ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် အမတ် ဦးခက်ထိန်နန် အပါအ၀င် ၃ ဦး လာရောက်ကြောင်း၊ KIO က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်ပြီး ၆ ဦး တွေ့ဆုံကြောင်း သိရသည်။

ကချင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KIO ကိုယ်စားလှယ်များ ယနေ့ ကချင်ပြည်နယ် လဂျားယံ တွင် တွေ့ဆုံဆွေးနွေးနေစဉ်(ဓာတ်ပုံ - ဧရာဝတီ)
အမှန်တကယ် အပစ်ရပ်ကြောင်း အစိုးရအဖွဲ့အစည်းက တာဝန်ရှိ ပုဂ္ဂိုလ် သို့မဟုတ် စစ်ဘက်ဆိုင်ရာ အရာရှိတဦးက အာမခံ ချက်ပေးရန် မကြာသေးခင်ကပင် KIO က ပြောဆိုထားသည်။
ယခုဆွေးနွေးပွဲသည် ပဏာမ ဆွေးနွေးပွဲအဆင့်ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်၏ ပြောကြားချက်အရ သိရသည်။ မည်သည့် နေ့ရက်၌ ထပ်မံ ဆွေးနွေးမည်ကို မသိရသေးဘဲ အစိုးရဘက်က အကြောင်းပြန်မည်ဖြစ်သည်ဟုလည်း ဆိုသည်။
ကချင်ပြည်နယ် KIO ထိန်းချုပ်ဒေသ လဂျားယန်နှင့် အစိုးရတပ်နယ်မြေ အကြား တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး နှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းဖြစ်ကြောင်း KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၁၇ ရက်နေ့ကKIO ကို အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် အစိုးရက ကချင် အတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ်များ မှ တဆင့် ကမ်းလှမ်းခဲ့ပြီး နောက်ပိုင်း ဒုတိယ အကြိမ် ဖြစ်သည်။
အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ ကချင်လွတ်လပ်ရေး တပ် မတော် (KIA) တပ်များအား လုံခြုံရေး အရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီး ဇွန် ၉ ရက်နေ့က စတင်၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ ကြသည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရ သည်။
ယခင် စစ်အစိုးရနှင့် KIO သည် ၁၉၉၄ ခုနှစ်က စတ၍ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။ ယမန်နှစ် အောက်တိုဘာလ အတွင်းက အစိုးရ သတင်းစာများ၌ KIA ကို “သောင်းကျန်းသူ”ဟု ပြန်လည်သုံးနှုန်းခဲ့ ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။
ကချင်ပြည်နယ်ရောက် ဧရာဝတီ သတင်းထောက် ဘကောင်း နှင့် ပူးတွဲ ရေးသားသည်။
Source : http://www.irrawaddy.org/bur/index.php/news/6730-kio-
No comments:
Post a Comment