WELCOME TO KACHINCENTER.BLOGSPOT.COM (KACHINCENTER KAW NA HKAP TAU LA GA AI)

Tuesday, August 30, 2011

Daw Bawk Ja hte Myanmar Times San Htai



ဒေါ်ဘောက်ဂျာနှင့် အင်တာဗျူး
၂၀၁၀ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီကိုယ်စားပြု၍ ဖားကန့်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲ အပြီးတွင် အနိုင်ရကိုယ်စားလှယ် ဦးအုန်းမြင့်ကို မဲမသမာမှုနှင့်ပတ်သက်ပြီး ကန့်ကွက်လွှာတင်ခဲ့သူ ဒေါ်ဘောက်ဂျာအား မြန်မာတိုင်း(မ်)မှ နိုင်ငံရေးသတင်းထောက်ချုပ် ရွှေယင်းမာဦး က ရန်ကုန်မြို့တွင် တွေ့ဆုံမေးမြန်းထားသည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၂ ( ၁၇-၂၃ ၊ ၆ ၊ ၂၀၁၁)

* ဦးအုန်းမြင့်ကို စွဲထားတဲ့အမှုကို ဘယ်လိုပြန်ရုပ်သိမ်းဖြစ်တယ်ဆို တာက စပြောပြပေးပါ။

နောက်လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာပဲ ရင်ဆိုင်လိုက်မယ်လို့ ဆုံးဖြတ်လိုက်ပြီး သူ့(ဦးအုန်းမြင့်)ကိုလည်း ကျွန်မတို့ကချင်ပြည်နယ် ကနေပြီး ၀န်ကြီးတစ်ယောက် ပေါ်ထွက်လာတဲ့အတွက် ၀မ်းသာတဲ့ အကြောင်းပေါ့၊ ပြီးတော့ နိုင်ငံရဲ့ကြီးလေးတဲ့ တာဝန်ကို ယူထားတဲ့ အတွက် လေးစားပါတယ်ပေါ့။ ကျွန်မတို့တိုင်းရင်းသားကိစ္စ၊ ဒေသကိစ္စ၊ တောင်သူကိစ္စတွေကို အများကြီး ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် လို့ အဲဒါကြောင့် ဒီအမှုကို ဆက်ပြီးမစွဲတော့ပါဘူး။ ကျွန်မကတော့ ဆရာ့ကို လူပုဂ္ဂိုလ်အရ မကျေနပ်လို့လုပ်တဲ့ အလုပ်မဟုတ်ဘူး။ ဖြစ်နေတာကို ဖော်ထုတ်ချင်လို့ အခုလိုလုပ်တာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဆရာ့ကိုလေးစားတဲ့အနေနဲ့ ကျွန်မဒီအမှုကို ဆက်ပြီးမစွဲ တော့ပါဘူး လို့ပြောလိုက်တော့ သူလည်း တကယ်ကို ဒီလို အောက်ခြေက ကိစ္စတွေကို ကူညီဖို့ သမ၀ါယမ၀န်ကြီး နေရာကိုယူထားတာ ဖြစ်တယ် ပေါ့။ တောင်သူတွေကိစ္စကိုလည်း လုပ်ပေးဖို့ ကတိပေးတယ်ဆိုပြီးတော့ ပြောပါတယ်။



* ဦးအုန်းမြင့်ဘက်က စပြီး လာတွေ့တာလား။

တွေ့တာကတော့ နှစ်ယောက်စလုံး အတူတူပဲ တွေ့လိုက်တယ်။ ကျွန်မ အနေနဲ့ ဒီလို (အမှုကိုရုပ်သိမ်းဖို့) စီစဉ်ထားတယ်ဆိုတော့ သူကလည်း ၀မ်းသာတဲ့အကြောင်း အဲလိုမျိုးပြောလာတာဆိုတော့ ကော်မရှင်ကိုလည်း ဒီလိုပဲပြောလိုက်တာ။ သူတို့လည်း ဒီလို ခေါင်းခဲနေရတဲ့ကိစ္စကြီးကို အလွယ်တကူဖြေရှင်းလိုက်တဲ့သဘော ဖြစ်သွားတာပေါ့လေ။ အေးအေးဆေးဆေးနဲ့ ကိုယ့်ရဲ့ပြည်သူ အတွက် ပိုပြီး အလုပ်လုပ်နိုင်အောင်လို့ ဒီလိုဆုံးဖြတ်လိုက်တာပါ။ သူကလည်း အခု လွတ်လွတ်လပ်လပ်လုပ်ပါလို့ ပြောတယ်။

* ကြားဖြတ်ရွေးကောက်ပွဲကရော ဖားကန့်ကနေပဲ ၀င်မှာလား။

ဟုတ်ပါတယ်။ ဖားကန့်ကနေပဲ ၀င်မှာပါ။ အစကတည်းက ဒီလိုပဲဝင်ဖို့ စီစဉ်ထားတာပေါ့။
* ဒီတစ်ခေါက် ရွေးကောက်ပွဲမှာ အောင်မြင်ဖို့ ဘယ်လောက်အထိ ယုံကြည်ချက်ရှိလဲ။
အရင်တစ်ခေါက်တုန်းက နည်းလမ်းတွေကိုလည်း တော်တော်သိနေပြီဆိုတော့ ဒီတစ်ခေါက်မှာ ဒါတွေကို သတိထားပြီး အခုကတည်း က ပြင်ဆင်ရတော့မှာပေါ့။ ပြည်သူတွေရဲ့ထောက်ခံမှုကတော့ အပြည့်ရှိပြီးသားပါ။

* အမှုကိုရုပ်သိမ်းခဲ့တာနဲ့ပတ်သက်ပြီး မဲဆန္ဒရှင်တွေရဲ့ သဘောထားကရော ဘယ်လိုရှိမယ်ထင်လဲ။

ကြားဖြတ်ရွေးကောက်ပွဲလည်း ပြန်ဝင်မယ်ဆိုတော့ ကောင်းပါတယ်တဲ့ အခုလို ဆုံးဖြတ်လိုက်တာကို။ အခုလို ဆုံးဖြတ်ခြင်းအားဖြင့် တောင်သူတွေသာမက ကိုယ့်ဒေသက ပြည်သူတွေအတွက် အများကြီး အလုပ်လုပ်နိုင်မယ်ပေါ့။ အဓိကက ပြည်သူတွေကောင်းစား ဖို့အတွက် လုပ်နေတဲ့ အလုပ်ဆိုတော့ လျှော့သင့်တဲ့နေရာ လျှော့လိုက်တဲ့ သဘောပါ။

* ဖားကန့်ကို ဘယ်တော့ပြန်မလဲ။

ဒီလ ၂၀ ရက်နေ့လောက်ပြန်ဖို့ စီစဉ်ထားတယ်။ ဒီမှာ တခြားအလုပ်တွေ မပေါ်လာသေးရင် ခဏတော့ပြန်မယ်လို့ စီစဉ်ထားပြီးသား။ ပါတီရဲ့ မြို့နယ်စည်းရုံးရေးကော်မတီတွေလည်း ဖွဲ့ဖို့စီစဉ်ထားပြီးသား။

* ဖားကန့်မှာ ကြားဖြတ်ရွေးကောက်ပွဲ ဘယ်သူတွေပြိုင်မယ်လို့ ကြားထားလဲ။

အခုတော့ မသိသေးဘူး။ မနှစ်တုန်းကတော့ ပြည်ခိုင်ဖြိုးရယ်၊ အင်န်ဒီအက်ဖ်ရယ်၊ ကျားဖြူရယ် ပြိုင်တယ်။ ဒီနှစ်တော့ ကချင်အဖွဲ့ တစ်ဖွဲ့က စည်းရုံးရေးဆင်းနေတယ်လို့ကြားတယ်။ ပြည်သူတွေက နားလည်နေပါပြီ။
* ဦးအုန်းမြင့်နဲ့ စကားပြောတုန်းက ကြားဖြတ်ရွေးကောက်ပွဲကိစ္စ ဘာတွေပြောခဲ့ကြသေးလဲ။

သူ့ကိုတော့ အဲဒါတွေ ဘာမှမပြောတော့ဘူး။ ဒါပေမယ့် သူတို့လည်း ၀င်ပြိုင်မယ်ဆိုတာ သိလောက်ပါတယ်။

* ရွေးကောက်ပွဲနိုင်လို့ လွှတ်တော်ထဲ ရောက်သွားခဲ့မယ်ဆိုရင်ရော ဘာတွေလုပ်ပေးနိုင်မယ်လို့ ထင်လဲ။
အခုလည်း ပြည်သူအတွက် လုပ်ပေးနေတာပဲဆိုတော့။ အဓိကကတော့ တောင်သူတွေရဲ့ ဘ၀ကိုမြှင့်တင်ပေးချင်တယ်။ တောင်သူ တွေနဲ့ ပတ်သက်တဲ့ဥပဒေတွေကို ခိုင်ခိုင်မာမာချပေးချင်တယ်။ မြန်မာနိုင်ငံမှာ တောင်သူတွေက များတယ်။ သူတို့ဘ၀က အင်မတန်မှ အားကိုးရာမဲ့တယ်။ အခု လွှတ်တော်ထဲရောက်နေတဲ့ အမတ်တွေကလည်း ပြောတော့ပြောပါတယ်။ ဒါပေမယ့် သူတို့က ကိုယ်တိုင် မခံစားရတဲ့အခါကျတော့ ထိထိမိမိ မပြောတတ်ဘူးပေါ့။ အစ်မကတော့ ကိုယ်တိုင်ခံစားရတယ်။ တောင်သူတွေရဲ့ဘ၀ကို နား လည် တယ်လေ။ ဘယ်နေရာပဲရောက်နေ ရောက်နေ တောင်ပေါ်မှာပဲရှိရှိ၊ တောင်အောက်မှာပဲရှိရှိ တောင်သူတွေရဲ့ဘ၀က အတူတူပဲ။ တောင်သူတွေရဲ့ ဘ၀အတွက် အာမခံချက်တွေ၊ ဥပဒေတွေကို လုပ်ပေးနိုင်ဖို့ လွှတ်တော်ထဲကနေ အရတောင်းပေးဖို့ ဆုံးဖြတ်ထား တယ်။ နောက်ပြီး ကချင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် လုပ်ချင် တယ်။ ကိုယ့်မှာ ပြောခွင့်ရလာပြီဆိုရင် ပညာရေးကအစပေါ့။ အဘက်ဘက်က နိမ့်ကျနေတဲ့အတွက် မြှင့်တင်ပေးချင်တယ်။

* အမှုကိစ္စမှာရော အင်န်ဒီအက်ဖ်ပါတီက အစ်မကို လမ်းညွှန်ချက်ပေးတာမျိုး ရှိလား။

အမှုကိစ္စနဲ့ ပတ်သက်လို့ကတော့ အစ်မ ၂၀၀၈ ကတည်းက လုပ်နေတာနဲ့ သက်ဆိုင်နေတော့ ပါတီကိုတော့ ဘာမှ မပြောတော့ပါဘူး။ ဒါပေမယ့် ရှေ့နေကတော့ အင်န်ဒီအက်ဖ်ကပါပဲ။

* အမှုအတွက် ကုန်ကျစရိတ်ကရော ဘယ်လောက်ရှိလဲ။

ကုန်ကျစရိတ်ကတော့ အစ်မ ကျပ် ၁၀ သိန်း တင်ထားရတာပေါ့။

* ဒီတစ်ခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း မအောင်မြင်ခဲ့ဘူးဆိုရင် ဘယ်လိုပုံစံနဲ့ ရပ်တည်ပြီး ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။

လွှတ်တော်ထဲ ရောက်ရောက် မရောက်ရောက် ဒီအတိုင်း ပုံမှန်လုပ်သွားနေမှာပဲ။ အဓိကကတော့ ပြည်သူတွေ ကောင်းစားဖို့ပါ။ အစ်မ လွှတ်တော်ထဲ မရောက်လည်း ကိစ္စမရှိပါဘူး။ လွှတ်တော်ထဲရောက်ရင် ပိုပြီးတောင် အလုပ် ရှုပ်ဦးမယ်။

Source: http://www.myanmar.mmtimes.com/2011/news/522/news13.html


No comments:

Post a Comment