Written by နီငြိမ်း (အညာတက္ကသိုလ်)
ဧရာပုံရိပ်၊ ရှေးအတိတ်
လွန်ခဲ့သော
သုံးနှစ်လောက်ကပင် ဤဆောင်းပါးကိုရေးရန် တာစူခဲ့သည်။ အခြေအနေစောင့်ကြည့်ရင်း
အချိန်အတော် ကုန်သွားသည်။ ခုတော့ 'ငိုရှာလေပြီ ဧရာဝတီ' ကိုရေးဖြစ်ပါသည်။
မိခင်ဧရာဝတီ၏ သမိုင်းကြောင်းကား ရှည်ညောင်းလှလေပြီ။ ဧရာဝတီသည်
လွန်ခဲ့သောနှစ်ပေါင်း ၄၅ သန်းကျော်ကပင် ရှိနေခဲ့သည်ဟု
မြန်မာ့စွယ်စုံကျမ်းအတွဲ ၁၅ တွင် ရေးသားထားပါသည်။ မိခင်ဧရာဝတီသည်
ကချင်ပြည်နယ် ပူတာအိုမြို့မြောက်ဖက် 'ထိလာ ရေခဲတောင်'၊ 'လန်ဂွေရေခဲတောင်'
များတွင် ချောင်းဖျားခံ၍ မေခ၊မလိခ မြစ်နှစ်သွယ်ကို ဖြစ်ပေါ်စေခဲ့သည်။
မလိခ ဆိုသောစကားမှာ ကချင်စကား Mali Hka မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ကချင်ဘိုးဘွား လေးဦး စတင်ဖြတ်သန်းခဲ့ခြင်းကြောင့်ဟု ဆိုသည်။ ကချင်ဘာသာတွင်
မလီ (mali) မှာ ၄ဖြစ်၍ မင် manga မှာ ၅ ဖြစ်သည်။
ပေပေါင်း ၁၅၅၀၀
ကျော်မြင့်သော နှင်းဖုံးတောင်တန်းကြီးများမှ စတင်ခဲ့သော ဧရာဝတီသည်
ပြည်ထောင်စုသား အားလုံး၏ မိခင်ကျေးဇူးရှင် ပင်ဖြစ်သည်။ စီးပွားရေး၊
လူမှုရေး၊ သယံဇာတ တူးဖော်ရေး လုပ်ငန်းအားလုံးကို မိခင်ဧရာဝတီက
ပံ့ပိုးကူညီလျက်ရှိသည်။
'ဧရာ'ဟူသော အရေးအသားကို ရှာဖွေသောအခါ
စစ်ကိုင်းမြို့ ရတနာစေတီ ကျောက်စာတွင် တွေ့ရ၏။ ကျောက်စာ သက်ကြာခဲ့ပါပြီ။
အင်းဝရွှေနန်းကြော့ရှင် လက်ထက် ခရစ်နှစ် ၁၄၈၅ခုကပင် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ဧရာဟူသော အရေးအသားကို ထို့ထက်စော၍ ရှာမတွေ့ခဲ့ပါ။
ဧရာဝတီ၏ အဓိပ္ပာယ်
နန်ချောင်ရှမ်းတို့က
'လူပေ' ၊ မောရှမ်းတို့က 'နမ့်ကျို'ဟု အမြတ်တနိုးခေါ်ခဲ့ကြသည်။
နမ့်ကျိုဆိုသည် မှာ နမ့်=ရေ+ကျို=ကျောက်မျက်ရတနာဟူ၍ဖြစ်သည်။ သို့အတွက်
ဧရာဝတီဆိုသည်ကား 'ကျာက်မျက် ရတနာများထွက်သော နေရာ' ဟု ဆိုလိုပေသည်။
တရုတ်တို့ကမူ ဤမြစ်ကြီးကို 'လိရွှေ' ဟုခေါ်သည်။ ရွှေမှုန်များဖြင့်
လင်းလက်နေသော ရွှေသဲမြစ်ဟုဆိုလိုပေသည်။ တရုတ်တို့က သူတို့၏
ယန်စီမြစ်ကြီးကိုလည်း လိရွှေဟုပင်ခေါ်ကြသည်။
အချို့က ဧရာဝတီဟူသည်
ဟိန္ဒီစကား ဣရ၀တီမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ အဓိပ္ပာယ်မှာ 'ဆင်မြစ်ကြီး'
ဟုခေါ်ကြောင်း၊ စားသောက်ဖွယ်ရာ ရတနာမျိုးစုံကိုရစေနိုင်သဖြင့်
ဆင်မြစ်ခေါ်ကြောင်း ရေးသားပြောဆို ကြလေသည်။ သင်္သကရိုက်ဘာသာတွင် ရှိသော
(ပရုမတီ)မှာ အားသစ်ဖြည့်သူဟု ဆိုရာ 'ဤဧရာဝတီမှာ အားမာန်တက်စေသည့်မြစ်'
ဟုသာဆိုရပေတော့မည်။
အချုပ်အားဖြင့်ဆိုပါမူဧရာဝတီသည် ရွှေသဲမြစ်၊
ရတနာမြစ်၊ လှပသောမြစ်၊ ဆင်မြစ်၊ အားသစ်ဖြစ်လာသောမြစ်ဟု ဆိုနိုင်ပေရာ
သိင်္ဂါနဒီ မြန်ပြည်မြောက်ဖျားမှ ဘင်္ဂလားပင်လယ်သို့တိုင် မိုင်ပေါင်း ၁၃၅၀
ကျော်စီးဆင်းသွားသော မိခင်ကြီးတစ်ပါးသာ ဖြစ်ပေတော့သည်။
မြစ်ကျဉ်းလေးခု ဖြစ်တည်မှု
မိခင်ဧရာဝတီကို
အပိုင်းသုံးပိုင်းခွဲ၍ လေ့လာနိုင်ပါသည်။ အထက်ပိုင်းဧရာဝတီ၊ အလယ်ပိုင်း
ဧရာဝတီနှင့် အောက်ပိုင်းဧရာဝတီ (မြစ်ဝကျွန်းပေါ်ဒေသ) ဟူ၍ဖြစ်သည်။
အထက်ပိုင်းဧရာဝတီ တန်ဖဲဇွပ် (Tang hpe' zup)တွင် အကြာကြီး နေဖူးသည်။ Zup
ဇွပ်ဆိုသော ကချင်စကားမှာ (ဆုံခြင်း၊ တွေ့ဆုံမှု) ပင်ဖြစ်သည်။ မေခနှင့်
မလိခတို့ဆုံရာဖြစ်၍ တန်ဖဲဟု ခေါ်ကြသည်။ တန်ဖဲ အရှေ့ရွာများတွင်
နှစ်နှစ်ခန့်စခန်းမှူး တာဝန် ထမ်းဆောင်ခဲ့စဉ်က မြစ်ဖျားဧရာ
ရောင်စုံဖြာနေပုံကို နေ့စဉ်ထိုင်ကြည့်ဖူးသည်။
အလွန်လှပသောကျောက်ဆောင်၊
ကျောက်တန်းများ၊ ဝေ့၀ိုက်စီးဆင်းနေသော ရေအလျဉ်များမှာ တသသဖြင့်
မေ့နိုင်စရာမရှိပါ။ မြစ်ဆုံတွင် ကချင်ကလေးငယ်များရေကစားနေပုံကို သတိရမိသည်။
တန်ဖဲမှ တောင်ဖက်သို့ ၂၆ မိုင်ဆင်းသွားလျှင် မြစ်ကြီးနားမြို့
အရှေ့ဖက်ကမ်းမှ ၀ိုင်းမော်မြို့များကိုတွေ့ရမည်။ ၀ိုင်းမော်တွင်
သုံးနှစ်ကျော်စစ်ကြောင်းမှူး လုပ်ခဲ့သည်။
၁၉၅၀ ခု ကျွန်တော်တို့
မူလတန်းကျောင်းသားဘ၀တွင် 'ဗန်းမော်ထက်အောက်၊ ရွှေမန်းမြောက်မှတ်လောက်
ပြည်အထက်'ဟု အတန်းပိုင်ဆရာမက ဧရာဝတီမြစ်ရှိ မြစ်ကျဉ်းလေးခုအကြောင်း
သင်ပေးပါသည်။ သို့အတွက် လွန်ခဲ့သောနှစ်ပေါင်း ၆၀ကပင် မိခင်ဧရာဝတီကို
ကောင်းကောင်းသိခဲ့ရ၏။
ပထမမြစ်ကျဉ်းသည်
ဗန်းမော်မြို့ အထက်ဖက်တွင်ရှိသည်။ ဗန်းမော်မရောက်မီ ဆင်ဘိုရွာအနီး
မြစ်သာနှင့်သုံးမိုင်အကွာ၌ ထိုမြစ်ကျဉ်းရှိသည်။ မြစ်နေရာမှာကျဉ်းလွန်းလှ၍
သင်္ဘောကြီးများခုတ်မောင်းသွား လာရန်အခက်အခဲရှိသည်။ မြစ်မင်းဧရာ၏
ဘေးတစ်ဖက်တစ်ချက်တွင် ကျောက်ကမ်းပါးကြီးများကို မတ်စောက်စွာတွေ့နေရသည်။
အရှေ့ဖက်နှင့်အနောက်ဖက်ကမ်းပါးနှစ်ခုမှာ ပေသုံးလေးရာကျော်သာဝေးသည်။
ကိုက်ဖြင့်တွက်လျှင်ကို ၁၀၀၊ ၁၅၀ သာရှိသည်။
ထိုမြစ်ကြောင်းအလယ်ကောင်မှသင်္ဘောများကို တဖြည်းဖြည်းချင်းမောင်းတက်ရ၏။
ဒုတိယမြစ်ကျဉ်းသည်ဗန်းမော်နှင့်
ရွှေကူအကြားတွင်ရှိသည်။ ရွှေကူအနီး စင်းခန်းရွာတစ်ဝိုက်၌
ထိုမြစ်ကျဉ်းကိုတွေ့နိုင်သည်။ ပထမမြစ်ကျဉ်းလောက် ကြောက်စရာမရှိ၊
မြစ်ပြင်နည်းနည်းကျယ်သည်။ ရှုခင်းများကလည်း ကောင်းသည်။ ထိုမြစ်ကျဉ်းတွင်
နတ်မျက်နှာတောင်နှင့် ဥဒေါင်းတောင်များရှိသည်။ မြတ်စွာဘုရား
ဥဒေါင်းမင်းဖြစ်စဉ်က စံနေခဲ့ဖူးသဖြင့် ဥဒေါင်းတောင်ဟုခေါ်ကြသည်။
ဒုတိယမြစ်ကျဉ်းတွင် လှေငယ်တစ်စင်းဆန်တက်နေပုံကို ဓာတ်ပုံရိုက်ယူခဲ့သည်။
တတိယမြစ်ကျဉ်း၊
ဒုတိယမြစ်ကျဉ်းကိုကျော်မိလျှင်ဗန်းမော်အောက်ဖက် ၃၅ မိုင်အကွာ
ရွှေကူမြို့သို့ရောက်သည်။ ဘာသာသာသနာ ထွန်းကားသောမြို့ဖြစ်၏။ ရွှေကူမှ
ဆင်းသွားလျှင်ကသာ။ ထိုမှတစ်ဆင့် သပိတ်ကျင်းသို့ ရောက်သည်။
သပိတ်ကျင်းအထက်ဖက် ၁၀ မိုင်အကွာ မလည်ရွာတစ်ဝိုက်တွင် တတိယမြစ်ကျဉ်းရှိသည်။
ထိုနေရာတွင် ဧရာဝတီမြစ်အကျယ်မှာ ကိုက် ၅၀၀ သာသာရှိသဖြင့် ပထမ၊
ဒုတိယမြစ်ကျဉ်းများလို စိုးရိမ်ဖွယ်ရာမရှိ။
စတုတ္ထမြစ်ကျဉ်း - ရွှေမန္တလေးမှ
အောက်သို့စုန်ဆင်းသွားလျှင် ချင်းတွင်းနှင့်ဧရာဝတီဆုံရာ ရေစကြို၊
ပခုက္ကူသို့ရောက်သည်။ မြစ်ဆုံအောက်ဖက်တွင် ချောက်၊ ရေနံချောင်း၊
မကွေးမြို့များရှိသည်။ ချောက်ရေနံချောင်းမြေလွှာမှာ ကျောက်စရစ်သဲမြေ၊
မြေကမူများဖြစ်သည်။ ရေနံများစွာထွက်၍ မြန်မာ့စီးပွားရေးကို
မြှင့်တင်နေသောနေရာဟု ခေါ်ရမည်။ မကွေး၊ မင်းဘူးကျော်လျှင်
ပြည်မြို့နှင့်နီးသွားသည်။ အနောက်ဖက်ကရခိုင်ရိုးမ၊ အရှေ့ဖက်က
ပဲခူးရိုးမညှပ်လျက်ရှိရာ ထိုနေရာတွင် စတုတ္ထမြစ်ကျဉ်း ဖြစ်နေလေသည်။
တန်ဖဲမြစ်ဆုံ အရေးကြုံပြီ
ဧရာဝတီမြစ်ကျဉ်းများကို
ဖော်ပြနေသည်မှာ မြစ်ညာဖက်အထက်ပိုင်းတွင် ရေနည်းလာလျှင်မြစ်ကျဉ်းများ၍
မည်မျှဒုက္ခရောက်နိုင်သည်ကို သိစေလို၍ဖြစ်သည်။ နွေအခါေ၏ ရေပါးချိန်ဆိုလျှင်
ပြည်မြို့အနီးမြစ်ကျဉ်း၍ ရေစူးလေးပေ၊ ငါးပေသာ ရှိပါသည်။
တန်ဖဲမြစ်ဆုံ
ရေကာတာစီမံကိန်းကို လွန်ခဲ့သောကိုးနှစ်၊ ၁၀နှစ်အချိန် ၂၀၀၁ခုနှစ်က
စခဲ့ခြင်းဖြစ်၏။ ဤကိစ္စမှာ သာမန်မဟုတ်။ တရုတ် အင်ဂျင်နီယာ ပါရဂူများကို
ခေါ်လာပြီး ပမာဏတိုင်းထွာရေး (Survey) များလုပ်ခဲ့သည်။
မြစ်ဆုံစီမံကိန်းဒေသတွင် အနည်းဆုံး ဆည်ကြီးခုနစ်ခု၊ ရှစ်ခု
တည်ဆောက်မည်ဆိုသည်။ ဆည်တစ်ခုသည် အလျား ပေ ၅၀၀xအနံ ပေ ၃၀၀ နှင့်အမြင့် ပေ
၅၀၀ ရှိမည်ဆိုသည်။
ဆည်များမှာ သိုလှောင်အား အလွန်ကောင်းပြီး
စီမံကိန်းပြီးဆုံးသွားပါက ဓာတ်အားကီလိုမီတာဝပ် ၆၀၀၀ ပို့ပေးနိုင်ရန်
ရည်ရွယ်လျက်ရှိ၏။ တစ်နေ့လျှင် ကီလိုမီတာ နာရီသန်းပေါင်း ၂၉၄၀၀ ထိ ယူနန်သို့
ပို့နိုင်အောင် တရုတ်ပညာသည် ၁၀၀ ကျော်တို့က ဆောင်ရွက်နေကြလေသည်။ မြစ်ဆုံမှ
ယူနန်အထိ ၂၆၁ မိုင်၊ မြစ်ဆုံမှ လိုင်ဇာထိ ၁၇၀ မိုင်ရှည်သော
ကတ္တရာလမ်းများလည်း ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်၏။
ယခုအခါ
တန်ဖဲမြစ်ဆုံ ရေကာတာများတည်ဆောက်ရေးစီမံကိန်းမှာ
နိုင်ငံ၏အဓိကအရေးကိစ္စဖြစ်လာလေပြီ။ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်
ဦးခေါင်းပိုင်းသည် အရေးကြီး၏။ ဦးခေါင်းကိုထိခိုက်လျှင် တစ်ကိုယ်လုံး
ပျက်စီးနိုင်သည်။ ယခုအခါ မြစ်ဖျားဧရာ ဦးခေါင်းပိုင်း၌ ပြဿနာများ
ပေါ်နေပြီဖြစ်ရာ ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် နေထိုင်ကြသည့်
ဧရာဝတီ၏သားသမီးတို့လည်း ဒုက္ခမျိုးစုံ ရောက်ကြရပေတော့မည်။ မြစ်ကြီးဝဲယာတွင်
သစ်တောများပြုန်းတီးခြင်း၊ တိရစ္ဆာန်ဇီဝမျိုးစုံ သေကျေခြင်း၊
မြစ်ကြောင်းတစ်လျှောက် သဲသောင်များ ပေါ်ထွန်းပြီး
ရေကြောင်းသွားလာမှုခက်ခဲခြင်း၊ မြစ်လယ်တွင် ဘော့နီဘော့နက်များ စိုက်၍
ရေကြောင်းပြပေးရခြင်းတို့ကို လုပ်ကိုင်နေကြရလေပြီ။
ပြည်မြို့မှ
မန္တလေးမြို့သို့ ပြေးဆွဲနေသည့် ပြည်ကူးတို့သင်္ဘောမှာ နွေအခါတွင်
ကောင်းစွာခုတ်မောင်းနိုင်ခြင်း မရှိတော့ပါ။ ကျွန်တော်တို့
မြင်းခြံသင်္ဘောဆိပ်တွင် သောင်ထွန်းနေသဖြင့် သောင်ထိုးစက်များ သုံးနေပါသည်။
ရေကြောင်းကြပ်သဖြင့် ပခုက္ကူမှဆန်တက်လာသည့် ပြည်ကူးတို့မှာ မြင်းခြံဆိပ်၌
ညမအိပ်နိုင်တော့ပါ။ မြင်းမူ၊ စစ်ကိုင်းရောက်အောင် တိုက်ရိုက်ဆန်သွားရသည်။
မြင်းခြံသင်္ဘောဆိပ်တွင် ရေစူးလေး ငါးပေသာကျန်တော့သည်။ အချို့သင်္ဘောများ
သောင်တင်နေကြပါသည်။ ဤသို့ ဖြစ်ပေါ်နေသော မိခင်ဧရာဝတီ၏ အခက်အခဲများကို လေ့လာ၍
'ငိုရှာလေပြီ ဧရာဝတီ' ဟု မိမိတင်စားခဲ့ခြင်း ဖြစ်ပါသည်။
ယခုအခါ
အမိဧရာဝတီမြစ်၏ ဒုက္ခပေါင်းစုံကို မြင်တွေ့ပြီး စာရေးသူမှာလည်း
ဧရာဝတီကိုချစ်သူ၊ ဧရာဝတီကို ထာဝရရှင်သန်နေစေလိုသူဖြစ်သည်။
စာရှုသူများအနေဖြင့်လည်း ဧရာဝတီ၏ကျေးဇူးကို နှလုံးသွင်းကာ မိခင်ဧရာဝတီ
တည်တံ့ရေးအတွက် နှိုးဆော်လိုက်ရပေသည်။
ကျမ်းကိုး
- မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅
- သိင်္ဂါနဒီမြန်ပြည်မြောက်ဖျား (မဆလထုတ်)
Source : Eleven Media Group
http://www.weeklyeleven.com/index.php?option=com_content&view=article&id=10116:2011-09-11-07-39-23&catid=78:2009-11-13-06-25-17&Itemid=135
Subscribe to:
Post Comments (Atom)
No comments:
Post a Comment